သက်လုံကောင်းဖို့ Gym ကစားစို့
ဒီဘက်ခေတ်မှာ အလှအပအတွက်ကို ဦးစားပေးပြီး Gym ကစားတဲ့ လူငယ်တွေ တော်တော်လေး များလာကြတာကို သတိထားမိပါတယ်။ Gym ကို စနစ်တကျနဲ့ အချိန်ပေးပြီး ကစားခြင်းဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပုံသွင်းပေးသလို မလိုအပ်တဲ့ အဆီပိုတွေကိုလည်း ကြေစေလို့ ပိန်ချင်သည်ဖြစ်စေ၊ ဝချင်သည်ဖြစ်စေ Gym ကစားပေးသင့်ပါတယ်။
ကျန်းမာရေးအရရော Gym ကစားခြင်းက ဘာကောင်းကျိုးဖြစ်စေနိုင်လဲ။
လူသိနည်းတဲ့အချက်ကတော့ Gym ကစားခြင်းဟာ အလှအပထက် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိစေနိုင်တဲ့ အချက်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ
- ခန္ဓာကိုယ်တွင်း သွေးစီးဆင်းနှုန်း မြန်ပြီး နှလုံးအားကောင်းစေတယ်။
- အဆုတ်အားကောင်းစေပြီး အသက်ရှူနှုန်း မြန်စေတယ်။
- Metabolism လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်ပျက်မှုတွေကို ပုံမှန်အတိုင်း ဖြစ်စေလို့ ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်လုပ်နိုင်စေတယ်။
- ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ပိုမိုထုတ်လုပ်ပေးပြီး လူ့ရဲ့ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေကို သက်သာစေတယ်။
- အစာစားချင်စိတ်ကို ဖြစ်စေပြီး အစာခြေစနစ်ကိုလည်း အားပြုပေးတယ်။
- ကြွက်သားများ တင်းမာနေခြင်းကို ပြေလျော့စေလို့ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်အောင် ကူညီပေးတယ်။
- ဦးနှောက်အာရုံကြောစနစ်ကို အားကောင်းစေလို့ လူကို လန်းဆန်းသွက်လက်စေပြီး အာရုံပိုမိုစူးစိုက်နိုင်ကာ မှတ်ဉာဏ်ပိုကောင်းလာစေပါတယ်။
- ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်းကိုလည်း မြန်စေလို့ မလိုလားအပ်တဲ့ အဆီပိုတွေနည်းသွားပြီး အဆီတွေကို ကြွက်သားအဖြစ် ပြောင်းလဲပေးပါတယ်။
- လူ့သက်တမ်းကို ပိုရှည်စေပြီး ကျန်းမာစေပါတယ်။
- ဒါကြောင့် လူကြီးလူငယ်၊ ကျား မ မရွေး Gym ဆော့ပေးနိုင်ရင်တော့ ပိုမိုကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။
သက်လုံကောင်းဖို့အတွက်ဖြစ်စေ၊ အလှအပ သို့မဟုတ် ကျန်းမာရေးအတွက် Gym ကစားတော့မယ်ဆိုရင် အရင်ဆုံးသိထားဖို့လိုအပ်တဲ့အချက်ကတော့
၁။ Gym သည် နှစ်ရှည်စီမံကိန်းတစ်ခုပါ။
ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲဖို့ PT နည်းပြဆရာနဲ့ အချိန်တိုအတွင်း ပြုပြင်နိုင်ပေမယ့် ကျန်းမာရေးအတွက်ကတော့ ပုံမှန်လေး လေ့ကျင့်ခန်းလုပ်သွားမှ သိသာနိုင်ပါတယ်။ Gym ကို သွားလိုက်၊ မသွားလိုက်၊ Gym တော့ ဆော့ပြီး ကျန်တဲ့ စားသောက်နေထိုင်မှုပုံစံတွေကို မပြောင်းလဲဘဲ နဂိုအတိုင်း နေနေမယ်ဆိုရင်တော့ ထူးခြားမှာမဟုတ်ပါဘူး။
၂။ Diet plan ထက် Healthy Eating ပုံစံကို လိုက်နာပါ။
ကိုယ်က ကျန်းမာရေးပြဿနာမရှိဘူး၊ လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့ အချိန်မလောဘူးဆိုရင် Diet plan တွေ လုပ်ထားတာထက် တစ်နေ့တာအတွက် အစာအုပ်စုစုံလင်စွာ စားပေးတာ၊ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ ကျန်းမာတဲ့အဆီဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားပေးပါ။ Healthy Eating ဖြစ်တဲ့အတွက် ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ စားပေးတဲ့နည်းစနစ်ကို လိုက်နာဖို့ အလွန်အရေးကြီးပါတယ်။
၃။ အိပ်ချိန်က အလွန်အရေးကြီးပါတယ်။
Gym ကစားပြီဆိုရင် အိပ်ချိန်မှန်ဖို့ကတော့ မဖြစ်မနေလိုက်နာရမယ့် နေထိုင်မှုပုံစံထဲမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးနေရတာဖြစ်ပြီး ချွေးအလွန်ထွက်သလို၊ အားအင်စိုက်ထုတ်ရတာ များတဲ့အတွက် အိပ်ချိန်မှန်ပြီး များများအိပ်ပေးမှသာ လူက နုန်းမသွားဘဲ လန်းဆန်းတက်ကြွပြီး နောက်ရက်မှာ ထပ်မံ Gym ဆော့ဖို့ အားရှိနေမှာပါ။ တစ်ရက်ကို အိပ်ချိန် အနည်းဆုံး ၇-၈ နာရီအထိ အိပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
၄။ တတ်နိုင်သလောက် PT နည်းပြဆရာငှားဖို့ စဉ်းစားကြည့်ပါ။
PT သို့မဟုတ် Personal Trainer နည်းပြဆရာ ငှားဖို့က မဖြစ်မနေလိုအပ်တာမဟုတ်ပေမဲ့ ကိုယ်က အချိန်တိုအတွင်း ပြောင်းလဲချင်တယ်၊ Gym ကို သေချာကစားပြီး တိကျသေချာတဲ့ ရလဒ်ကို လိုချင်တယ်ဆိုရင်တော့ PT ခေါ်တာ ပိုကောင်းပါတယ်။ တကယ်တော်တဲ့ နည်းပြဆရာတွေဟာ ကိုယ် train ပေးနေတဲ့ trainee တွေရဲ့ ကျန်းမာရေး၊ ခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန်၊ အသက်အရွယ်ပေါ် မူတည်ပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားနဲ့ စားသောက်မှုပုံစံတွေကို ဘေးကနေ အနီးကပ်သေချာပြသပေးနိုင်ပါတယ်။
Gym ကစားတာအပြင် Zumba Class တွေ ဝင်ကစားတာ၊ တခြား ကိုယ်စိတ်ပါဝင်စားတဲ့ အားကစားတွေကို ပုံမှန်ကစားပေးမယ်ဆိုရင်တော့ ကိုယ့်ရဲ့ သက်လုံက ပိုကောင်းလာပြီး နှလုံးကျန်းမာရေး ပိုကောင်းလာမယ်ဆိုတာ အသေအချာပါပဲ။
ရေးသားသူ - ဒေါက်တာ ရဲမျိုးမြတ်